နမော ဝိဘဇ္ဇဝါဒိနော အနန္တ ဇိနဿ

သူတောင်းစားနှင့်ဘုန်းကြီး

ဆရာတော်အစဥင်္အဆက်ဆက် ပြောပြခဲ့တဲ့ ဓမ္မပုံဝတ္ထုလေးတစ်ပုဒ်ကို အရင်ပြောပြရအောင်ပါ။

တစ်ခါတုန်းကဘုန်းကြီးကျောင်းတစ်ကျောင်းကိုသူတောင်စားတစ်ယောက် ရောက်လာပါ တယ်။ ကျောင်းပေါ်ရောက်တော့ ကျောင်းထိုင်ဘုန်းကြီးကို အသင့်တွေ့တာနဲ့ ”ဘုန်းကြီးဘုရား.. ဆွမ်းကျန်ကွမ်းကျန်လေးများရှိရင် စွန့်ပါဘုရား” လို့လျှောက်လိုက်ပါတယ်။

ဒီတော့ ကျောင်းထိုင်ဘုန်းကြီးက ” မင်းမှာ ခြေကော လက်ကော အကောင်းကြီး၊ ကိုယ့်ဟာကိုယ် လုပ်စားပါလား၊ ဘာဖြစ်လို့ တောင်းစားနေရတာလဲ၊ သွား မပေးနိုင်ဘူး၊ အခုဆင်းသွား” လို့ ခပ်ငေါက်ငေါက်လေး ပြောလိုက်ပါတယ်။

သူတောင်းစားက ချက်ချင်းမဆင်းသေးဘဲ လက်အုပ်ကလေးကိုချီပြီး ” ဘုန်းကြီးဘုရား တပည့်တော် အခုဆင်းပါ့မယ်ဘုရား။ မဆင်းခင် ဘုန်းကြီးကို လင်္ကာလေးနဲ့ကန်တော့ပြီး ဆင်းပါရစေဘုရား” လို့ လျှောက်လိုက်ပါတယ်။ ဘုန်းကြီးကလည်း ဆွမ်းစားခါနီးနေပြီဆိုတော့ ” မင်း ကန်တော့မှာ ဖြင့်လည်း မြန်မြန်ကန်တော့၊ ကန်တော့ပြီးရင် ဆင်းတော့လို့” ခပ်မာမာလေး ထပ်ပြောလိုက်ပါတယ်။

သူတောင်စားကလည်း ဆောင့်ကြောင့်လေးထိုင်၊ လက်အုပ်ကလေးချီပြီး

” ရှေးကကောင်းလို့ ခုကောင်းပါသည်၊

ခုကောင်းရင် နောင်ကောင်းပါလိမ့်မည်၊

ရှေးကမကောင်းလို့ ခုမကောင်းပါသည်။

ခုမကောင်းရင် နောင်မကောင်းပါလိမ့်မည်” လို့ဆိုပြီး ကန်တော့လိုက်ပါတယ်။

သူတောင်းစားက ကန်တော့ပြီး ပြန်ဆင်းမယ့်လည်းလုပ်ရော ဘုန်းကြီးက ” ဟဲ့ ကိုရင်လာစမ်း၊ ဟိုပြင်ထားတဲ့ ဆွမ်းအုပ်ထဲက တစ်ယောက်စာ လုံလုံ လောက်လောက် ထည့်ပေးလိုက်” လို့ ပြောလိုက်ပါတော့တယ်။ သူတောင်းစားကလည်း ဆွမ်းထုပ်ရသွားတော့ ပြုံးပြုံးပြုံးပြုံးနဲ့ ကျောင်းပေါ်က ပြန်ဆင်းသွားပါသတဲ့။

သူတောင်းစားဆိုခဲ့တဲ့ လင်္ကာလေးက သိပ်ပြီး တာသွားတာပါ။ ဒီလင်္ကာလေးကို အခြေခံပြီး အတွေးလေးချက် တွေးလို့ရပါတယ်။

ရှေးက ကုသိုလ်ကောင်းမှုတွေပြုခဲ့လို့ အခုဘ၀ ကောင်းနေတယ်၊ အခုဘ၀ကုသိုလ်ကောင်းမှုတွေ ဆက်ပြုနေရင် နောင်ဘ၀လည်း ဆက်ကောင်း နေဦးမှာပဲ။

ရှေးက ကုသိုလ်ကောင်းမှုတွေမပြုခဲ့လို့ အခုဘ၀ မကောင်းဖြစ်နေတယ်။ ကုသိုလ်ကောင်းမှုမပြုဘူးဆိုရင် နောင်ဘ၀လည်း ဆက်မကောင်းဦးမှာပဲ။

ရှေးက ကုသိုလ်ကောင်းမှုပြုခဲ့လို့ အခုဘ၀ကောင်းနေတယ်၊ အခုဘ၀ ကုသိုလ်ကောင်းမှု ဆက်မပြုဘူးဆိုရင် နောင်ဘ၀ မကောင်းဘဲ ဖြစ်နေလိမ့်မယ်။

ရှေးက ကုသိုလ်ကောင်းမှု မပြုခဲ့လို့ အခုဘ၀မကောင်းဘူး၊ ဘာဖြစ်လဲ၊ အခုဘ၀ ကုသိုလ်ကောင်းမှုတွေ ဆင့်ကာဆင့်ကာပြုနေရင် နောင်ဘ၀ ကောင်းမှာပဲ။

စိတ်နေစိတ်ထားဘက်က လှည့်တွေးမယ်ဆိုရင်လည်း ရှေးဘ၀က စိတ်ထားကောင်းခဲ့လို့ အခုဘ၀ကောင်းနေတယ် ၊ အခုဘ၀ စိတ်ထားကောင်းရင် နောင်ဘ၀လည်း ဆက်ကောင်းဦးမှာပဲ။

ရှေးဘ၀က စိတ်ထားမကောင်းခဲ့လို့ အခုဘ၀ မကောင်းဖြစ်နေတယ်။ အခုဘ၀ စိတ်ထားမကောင်းရင် နောင်ဘ၀လည်း မကောင်းဦးမှာဘဲ။

ရှေးဘ၀က စိတ်ထားကောင်းခဲ့လို့ အခုဘ၀ကောင်းနေတယ်။ အခုဘ၀ စိတ်ထားမကောင်းရင် နောင်ဘ၀ မကောင်းဘဲဖြစ်နေလိမ့်မယ်။

ရှေးဘ၀က စိတ်ထားမကောင်းခဲ့လို့ အခုဘ၀ မကောင်းဖြစ်နေတယ်။ ဘာဖြစ်လဲ .. အခုဘ၀ စိတ်ထားကောင်းအောင် နေလိုက်ရင် နောင်ဘ၀ ကောင်းမှာပဲ။

အတွေးလေးချက်က စက်လည့်ပြီး ဆင့်ပွားထွက်လာပါတယ်။ လူဆိုတာ သူ့ကံနဲ့သူ၊ ကိုယ့်ကံနဲ့ကိုယ်ပါ။ ကံချင်းသွားယှဉ်လို့ မရပါဘူး။

ဥပမာ ဌာနတစ်ခု၊ ရုံးတစ်ခု၊ကုမ္ပဏီတစ်ခုမှာ ကိုယ့်ထက်သာနေတဲ့လူဆိုတာ ရှိနေတတ်ပါတယ်။ ကိုယ့်ထက်သာ မနာလိုဆိုတဲ့အတိုင်း မနာလိုတတ်တဲ့ ဣဿာမစ္ဆရိစိတ်တွေလည်း ၀င်လာပါတယ်။ ဒီလိုဝင်လာပြီဆိုရင်တော့ အဲဒီလူအတွက် အမှားကြီးမှားတော့တာပါပဲ။

ဝင်လာတဲ့ မနာလိုစိတ်ဟာ မကောင်းတဲ့စိတ်ပါ။ မကောင်းတဲ့စိတ်က မကောင်းကျိုးကိုပဲ ဧကန်ပေးတတ်ပါတယ်။ အလိုလိုကမှ ရှေးက မကောင်းခဲ့လို့ ဌာနမှာ သူများအောက်နိမ့်နေရတဲ့အထဲ မကောင်းတဲ့စိတ်ထပ်ဖြစ်နေရင် မြင့်ဖို့နေနေသာသာ လက်ရှိအနေအထားထက် ထပ်နိမ့်ဖို့ပဲ ရှိပါတော့တယ်။ မကောင်းတဲ့စိတ်ဖြစ်လေ အောင်မြင်မှုနဲ့ တစ်ရက်ဝေးလေ၊ မကောင်းတဲ့စိတ်ဖြစ်လေ အောင်မြင်မှုနဲ့ တစ်ရက်ဝေးလေနဲ့ ဝေးသထက်ဝေး နစ်သထက်နစ် ပါလိမ့်မယ်။

တကယ်တော့ သူတစ်ပါးရဲ့ ကံကို ကိုယ်က အားကျရမှာပါ။ မနာလိုရမှာ မဟုတ်ပါဘူး။ မနာလိုတဲ့စိတ် ဖြစ်နေတာက ကိုယ့်ရဲ့အတွေးအခေါ် မှားနေတာပါပဲ။

ကိုယ့်ထက်သာတဲ့သူနဲ့တွေ့တဲ့အခါ နှလုံးသွင်းမှန်ဖို့ သိပ်အရေးကြီးပါတယ်။ မနာလိုတဲ့စိတ်ဖြစ်နေတာက ကိုယ့်ရဲ့အတွေးအခေါ် မှားနေတာပါပဲ။

ကိုယ့်ထက်သာတဲ့သူနဲ့ တွေ့တဲ့အခါ နှလုံးသွင်းမှန်ဖို့ သိပ်အရေးကြီးပါတယ်။ နှလုံးသွင်းမှားရင် နစ်သထက် နစ်သွားပါလိမ့်မယ်။

နှလုံးသွင်းမှန်ဖို့ကတော့ သိပ်ပြီးမခက်လှပါဘူး။ အထက်က လင်္ကာလေးကို ပြန်အာရုံပြုလိုက်ဖို့ပါပဲ။

” သြော် သူက ရှေးကကောင်းခဲ့လို့ အခုကောင်းနေတာ၊ ငါက ရှေးက မကောင်းခဲ့လို့ အခုမကောင်းနေရတာ၊ သူ့လိုကောင်းအောင် အခုဘ၀မှာတော့ ကောင်းအောင်ပဲနေမယ်” လို့ နှလုံးသွင်းပြီး ကုသိုလ်ကောင်းမှုတွေ ဆင့်ကာ ဆင့်ကာ၊ ဆက်တိုက် ဆက်တိုက် ပြုနေဖို့ပါပဲ။

ကုသိုလ်ဆိုလို့ ကျောင်းကြီးတွေ ဆောက်လှူမှ၊ ရှစ်တစ်ထောင် ရှင်တစ်ရာတွေပြုပေးမှ ကုသိုလ်ရတာ မဟုတ်ပါဘူး။ မနက်အိပ်ရာထတာနဲ့ ဂုဏ်တော်လေးပွား၊ မေတ္တာလေးပွား၊ ၀ိပဿနာလေးပွားနေလိုက်ရင်လည်း ပိုက်ဆံမကုန်ဘဲ ကုသိုလ်ဖြစ်နေတာပါ။

နောက်ငါးပါးသီလကို နေ့စဉ် အထူးစောင့်ထိန်းပြီး ရှစ်ရက်၊ ဆယ့်ငါးရက် ဥပုသ်နေ့တွေမှာလည်း ရှစ်ပါးသီလ၊ ကိုးပါးသီလတွေကို ၀တ်တစ်ခုလို စောင့်ထိန်းသွားမယ်။ ကိုယ့်ရဲ့စိတ်ထားလေးကိုလည်း မြင့်မြတ်သထက် မြင့်မြတ်အောင် တည်ဆောက်သွားမယ်ဆိုရင် မကြာခင်အချိန်အတွင်း ကိုယ်မျှော်လင့်တဲ့ကောင်းကျိုးတွေ ရောက်လာမှာပါ။

စာမှာလည်း ဣဇ္ဈတိဘိက္ခဝေ သီလ၀တော စေတောပဏိဓိ ၀ိသုဒ္ဓတ္တာတဲ့၊ အဓိပ္ပါယ်က သီလကို အထူးစောင့်ထိန်းမယ်၊ စိတ်ထားလည်း မြင့်မြတ်အောင်နေမယ်ဆိုရင် စိတ်တောင့်တတိုင်း အကုန်ဖြစ်ပါတယ်တဲ့။

နောက်တစ်ခု သတိရတာပြောရရင် စာထဲမှာ အဆင့်လေးဆင့်ပြထားပါတယ်။

ပထမအဆင့်က ဗဟုသုတဖြစ်အောင် တရားနာပါ။ စာဖတ်ပါတဲ့။

ဒုတိယအဆင့်က ဖတ်ထားတဲ့တရားထဲက စာထဲက ကျက်သင့်ကျက်ထိုက်တာ၊ ဆောင်သင့်ဆောင်ထိုက်တာကို ကျက်ထား၊ ဆောင်ထားပါတဲ့။

တတိယအဆင့်က ကျက်ထား ဆောင်ထားတာတွေကို ပြန်အာရုံပြုပြီး ကြံစည်စဉ်းစားပါတဲ့။

စတုတ္ထအဆင့်က ကြံစည်စဉ်းစားရုံနဲ့ ရပ်မထားဘဲ လက်တွေ့အသုံးချကြည့်ရမယ်တဲ့။

အဲဒီအဆင့်လေးဆင့်ကို စာသံပေသံနဲ့ပြောမယ်ဆိုရင်တော့ ဗဟုသုတဖြစ်အောင် တရားနာတာ၊ စာဖတ်တာဟာ သုတမယဥာဏ်ဖြစ်သွားတာပါ။ နာထား ဖတ်ထားတဲ့အထဲက ကိုယ့်အတွက် အသုံးတည့်ရာကို ကျက်ထား ဆောင်ထားလိုက်တာဟာ ဓာရဏာမယဥာဏ်ဖြစ်သွားတာပါ။ ကျက်ထား ဆောင်ထားတာကို ပြန်အာရုံပြုပြီး ကြံစည်စဉ်းစားတာဟာ စိန္တာမယဥာဏ် ဖြစ်သွားတာပါ။

တချို့ကျတော့ သုတမယဥာဏ်လောက်နဲ့ ရပ်ထားကြပါတယ်။ တချို့ကျတော့ ဓာရဏာမယဥာဏ်လောက်နဲ့ ရပ်ထားလိုက်ကြပါတယ်။ တချို့ကျတော့ စိန္တာမယဥာဏ်လောက်နဲ့ ရပ်ထားလိုက်ကြပါတယ်။ တချို့ကျတော့ နောက်ဆုံးအဆင့် ဘာဝနာမယဥာဏ်ဖြစ်အောင်ထိ လက်တွေ့အသုံးချ လိုက်ကြပါတယ်။

စာတွေဖတ်ပါရဲ့၊ တရားတွေနာပါရဲ့၊ ဆောင်ထား ကျက်ထားပါရဲ့၊ ကြံစည်စဉ်းစားပါရဲ့၊ ဒါပေမယ့် လက်တွေ့လိုက်နာကျင့်သုံးမှု မရှိရင်တော့ ပန်းတိုင်မရောက်သေးပါဘူး။ မြတ်စွာဘုရားရှင်ရဲ့ အလိုကျလည်း မဖြစ်သေးပါဘူး။ လက်တွေ့ကျင့်သုံးတဲ့နေရာမှာ အစစအရာရာအားလုံးကို အကုန်လိုက်ပြီး ကျင့်သုံးနေဖို့ဆိုတာတော့ မလွယ်လှပါဘူး။ ကိုယ်နဲ့အသုံးတည့်ဆုံးကို အဓိကကျင့်သုံးသွားဖို့ပါ။

လူဆိုတာ တစ်ဦးတစ်ယောက်တည်းနဲ့ ရပ်တည်လို့ မရတာဆိုတော့ ပတ်ဝန်းကျင်ဆိုတာတော့ သေတဲ့အထိရှိနေဦးမှာပါ။ ပတ်ဝန်းကျင်မှာ ရှိနေတဲ့အတွက် ပတ်ဝန်းကျင်ကိုအမှီပြုပြီး ခံစားချက်မျိုးစုံတော့ ၀င်လာနေမှာပါပဲ။ ကောင်းတဲ့ခံစားချက် ၀င်လာရင် ဘာမှပြဿနာမရှိပေမယ့် မကောင်းတဲ့ ခံစားချက်ဝင်လာရင်တော့ မကောင်းကျိုးကလည်း ငြိမ်နေမှာ မဟုတ်ပါဘူး။ အမြီးဆွဲပြီး လိုက်လာမှာပါ။

ပတ်ဝန်းကျင်ကို အမှီပြုပြီး ခံစားချက်ဝင်လာရင် နှလုံးသွင်းမှန်ဖို့ သိပ်အရေးကြီးပါတယ်။ နှလုံးသွင်းမှားသွားရင် ဒီပစ္စုပ္ပန်ဘ၀တင်မကဘဲ နောင်သံသရာအထိ အကျိုးယုတ်မှုတွေ လိုက်သွားတတ်ပါတယ်။ လိုက်သွားတဲ့ သာဓကတွေကလည်း အများကြီးပါ။

လူဆိုတာ သူ့ကံနဲ့သူ၊ ကိုယ့်ကံနဲ့ကိုယ်ပါ။ ကိုယ်က ပညာအတွေ့အကြုံ သူထက်သာချင်သာမယ်၊ ကံကျတော့ သူ့ထက်သာချင်မှ သာမှာပါ။ ဒီကံရဲ့သဘာဝကို ကိုယ်က ကောင်းကောင်းလက်ခံနိုင်ရပါ့မယ်။ လက်ခံပြီး သူ့ရဲ့ကံကို အပြစ်မတင်မိစေဘဲ ကိုယ့်ရဲ့ကံကိုပဲ အပြစ်တင်ပြီး ” ငါ အတိတ်ဘ၀က ကောင်းမှုကံနည်းခဲ့လို့ အခုဘ၀ မကောင်းတာပဲ။ ဒီဘ၀မှာတော့ ကုသိုလ်ကောင်းမှုတွေ ဆင့်ကာ ဆင့်ကာ ပြုနေမှပဲ” ဆိုပြီး ကုသိုလ် ကောင်းမှုတွေ ပြုပြုပေးဖို့ပါ။

ဘာပဲပြောပြော ဌာနတစ်ခုမှာ ကိုယ့်ထက်သာတဲ့ တစ်ယောက်ယောက်နဲ့ကြုံပြီး မနာလိုတဲ့စိတ် ၀င်ခဲ့ရင်တော့ အောက်ပါလင်္ကာလေးကို တိုးတိုးလေးသာ ရွတ်ကြည့်လိုက်ပါတော့။

” ရှေးကကောင်းလို့ ခုကောင်းပါသည်၊

ခုကောင်းရင် နောင်ကောင်းပါလိမ့်မည်၊

ရှေးကမကောင်းလို့ ခုမကောင်းပါသည်။

ခုမကောင်းရင် နောင်မကောင်းပါလိမ့်မည်”

ကျမ်းကိုး
သဗ္ဗမင်္ဂလဓမ္မဒေသနာ ( အရှင်ဝါသ၀ါဘိဝံသ)

One response

  1. လာရောက်ဖတ်ရှုလေ့လာသွားပါတယ်။ ဆိုဒ်လေးကတော်တော်လေးကိုကောင်းတဲ့ဆိုဒ်လေးပါ ကျန်းမာချမ်းသာပါစေ ဒီထက်မကအောင်မြင်တိုးတက်ပါစေ။

    January 13, 2012 at 3:12 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s